၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့လူဦးရေမှာ ၇ ဒသမ ၉ ဘီလီယံခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ လူဦးရေတိုးပွားနှုန်းမှာလည်း ပုံမှန်တိုးတက်လာနေပါတယ်။ ထို့နည်းတူ လူ့သက်တမ်းများလည်း တိုးမြင့်လာပါတယ်။ ယေဘုယျအားဖြင့် အိမ်ထောင်ပြုသည့်အချိန်မှာလည်း နောက်ကျလာကြောင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တွေ့ရှိရပါတယ်။ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကလေးယူဖို့စဉ်းစားရာမှာလည်း သေချာစီမံချက်ချဆောင်ရွက်ရန် လိုအပ်ပါတယ်။ မလိုလားသော ကိုယ်ဝန်ရမှုကို ကာကွယ်ရန်နှင့် လိုအပ်သည့်အခါမှာလည်း ကိုယ်ဝန်ရရှိရန်လည်း လိုအပ်လာပါ တယ်။ ယခုခေတ်ကာလမှာ ကလေးများ ပြုစုပျိုးထောင်ရသည့်စရိတ်၊ အိမ်ထောင်စရိတ်များ ကြီးမြင့်တာကြောင့်လည်း စီမံချက်ချ ကာ မိမိတို့အမှန်တကယ် လိုအပ်ချိန်မှသာ ကလေးယူရန် လိုအပ်ပါတယ်။ ထို့အတွက် မျိုးဆက်ပွားမှုနှင့်ပတ်သက်သော သားဆက် ခြားခြင်းနှင့်စပ်လျဉ်းသော အခြေခံဗဟုသုတများကို အရွယ်ရောက်ပြီးသူ ကျား၊ မ မရွေးသိရှိနားလည်ထားရန်လိုအပ်ပါတယ်။
မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သက်လို့ ကျားရောမပါ နှစ်ဦးနှစ်ဖက်သိထားသင့်တဲ့ အဓိကကျတဲ့အချက်တွေကတော့ (၁)မိဘ အဖြစ် တာဝန်ယူတတ်ဖို့၊ (၂)အသက်ဇီဝဘ၀တွေကိုလေးစားဖို့၊ (၃)သားဆက်ခြားခြင်းနှင့် (၄)အသိပေးရွေးချယ်ကြဖို့ တို့ပဲဖြစ် ပါတယ်။ တချို့နိုင်ငံတွေမှာတော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ ဥပဒေများပါ ထုတ်ပြန်ထားတတ်ကြတာ တွေ့ရပါတယ်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အရေးကြီးတဲ့ အချက်တွေထဲမှာ မျိုးဆက်ပွားကျန်းမာရေးဟာလည်း အရေးပါတဲ့ အချက်တစ်ချက် ဖြစ်နေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေ၊ ကလေးမွေးမှုတွေမဖြစ်စေရေးနှင့် လိုလားအပ်တဲ့ မိသားစုစီမံကိန်းတွေဖြစ်စေရေး၊ အနာဂတ်နိုင်ငံတော်အတွက် အရေးပါတဲ့မျိုးဆက်သစ်တွေကို မှန်မှန်ကန်ကန်ပြုစု ပျိုးထောင်မွေး ထုတ်နိုင်ရေးတို့အတွက် မျိုးဆက်ပွားနှင့် သားဆက်ခြားကျန်းမာရေးနှင့် သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို မျှဝေပေး နိုင်ရန်ရည်ရွယ်ပါတယ်။
ရာသီစက်ဝန်း၏ မည်သည့်နေ့ရက်များတွင် လိင်ဆက်ဆံခြင်းက ကိုယ်ဝန်မရရှိစေရန်အတွက် အထောက်အကူအဖြစ်ဆုံး ဖြစ်သည် ဆိုသည်ကို နားလည်သိရှိထားရန် လိုအပ်ပါတယ်။
အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရရှိနိုင်ခြေအနိမ့်၊ အမြင့်သည် ရာသီစက်ဝန်းအတွင်း မည်သည့်နေ့ရက်တွင် လိင်ဆက်ဆံမှုပြုခဲ့သည် ဆိုသည့်အပေါ်တွင် များစွာ မူတည်ပါတယ်။
ကိုယ်ဝန်ရရှိအောင် ကြိုးစားနေသူများအနေဖြင့် ၎င်းတို့၏ ရာသီစက်ဝန်းကိုခြေရာခံပြီး ကိုယ်ဝန်ရရှိနိုင်ခြေအမြင့်ဆုံးနေ့ရက်များတွင် လိင်ဆက်ဆံမှုပြုနိုင်ပါတယ်။
ဤဆောင်းပါးတွင် အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝန်းအတွင်း ကိုယ်ဝန်ရရှိနိုင်ခြေအနည်းဆုံးနှင့် အများဆုံးနေ့ရက်များကို စောင့်ကြည့်တွက်ချက်နိုင်ရန် အချက်အလက်များကို ဖော်ပြထားပါတယ်။
မည်သည့်အချိန်တွင် ကိုယ်ဝန်ရနိုင်ခြေ အနည်းဆုံး ဖြစ်သနည်း။
ရာသီစက်ဝန်းသည် တစ်ဦးနှင့်တစ်ဦးကွဲပြားနိုင်သော်လည်း ပျမ်းမျှအားဖြင့် ၂၈ ရက်ကြာမြင့်ပါသည်။ သားဥအိမ်သည် ဓမ္မတာ စတင် မလာမီ ၁၀ ရက်မှ ၁၆ ရက်အတွင်း သားဥကြွေလေ့ရှိတယ်။ သားဥကြွေသည့်အချိန်ကာလသည် ရာသီစက်ဝန်းအတွင်း ကိုယ်ဝန် ရရှိနိုင်ခြေအမြင့်ဆုံးဖြစ်သည့်အတွက် ၎င်းကို မျိုးပွားခြင်းပြတင်းပေါက် (fertility window)ဟုလည်း ခေါ်ကြလေ့ရှိ ပါတယ်။
သားဥကြွေသည့်နေ့မှ နောက်ငါးရက်အတွင်းတွင် လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန်ရရှိနိုင်ခြေမြင့်မားသည့် ကာလဖြစ်ပါတယ်။ သားဥ တစ်ခုသည် ကြွေပြီးနောက် ၂၄ နာရီအထိ ရှင်သန်နိုင်ပြီး သုက်ပိုးသည် ထုတ်လွှတ်ပြီးချိန်မှ ခုနစ်ရက်အထိ ရှင်သန်နိုင်ပါတယ်။ ထို့ကြောင့် သားဥကြွေပြီးနှစ်ရက်အတွင်း လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန်ရရှိရန်အတွက် ဖြစ်နိုင်ခြေမြင့်မားသည်ကို တွေ့ရှိရပါ တယ်။
သို့ဖြစ်၍ ရာသီစက်ဝန်း၏ ကျန် ၂၁ ရက်မှာ ကိုယ်ဝန်ရနိုင်ခြေနည်းပါးပါတယ်။ ဓမ္မတာမတိုင်မီ ရက်များနှင့် ဓမ္မတာလာ နေစဉ်ရက် များသည် ရာသီစက်ဝန်း၏ ကိုယ်ဝန်ရရှိနိုင်ခြေ အနည်းဆုံးနေ့ရက်များ ဖြစ်ပါတယ်။ ၂၈ ရက်ထက် တိုတောင်းသော ရာသီစက်ဝန်းရှိ သူများဟာ ဓမ္မတာပြီးဆုံးချိန်တွင် သားဥကြွေနိုင်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်နောက်ပိုင်းတွင် အမျိုးသမီးများအနေဖြင့် ရာသီစက်ဝန်းတိုတောင်းလာလေ့ရှိပါတယ်။
ဓမ္မတာမလာမီနှင့်လာပြီးနောက်ပိုင်း အချိန်မည်မျှအကြာတွင် ကိုယ်ဝန်ရှိနိုင်ပါသနည်း။
ဓမ္မတာ မလာမီ ၁၂ – ၁၄ ရက်များသည် သန္ဓေအောင်နိုင်ခြေ အမြင့်ဆုံးကာလဖြစ်သည့်အတွက် ထိုကာလတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် ကိုယ်ဝန်ရရှိနိုင်ပါတယ်။
သုက်ပိုးသည် လိင်ဆက်ဆံပြီး ၇ ရက်ကြာသည်အထိ ရှင်သန်နိုင်သောကြောင့် ၁ ရက် သို့မဟုတ် ၂ ရက်အကြာတွင် ကိုယ်ဝန်ရရှိရန် မဖြစ်နိုင်ပါ။ ဥပမာအားဖြင့် စုံတွဲတစ်တွဲသည် ဓမ္မတာပြီးဆုံးပြီး နောက်နေ့တွင် လိင်ဆက်ဆံနိုင်ပါတယ်။ ထိုနေ့ သို့မဟုတ် နောက် ထပ် ၆ ရက်အတွင်း သားဥကြွေသည်ဆိုလျှင် ကိုယ်ဝန်ရနိုင်ခြေရှိလိမ့်မည်ဖြစ်ပါတယ်။
ရာသီစက်ဝန်းတိုတောင်းသည့် အမျိုးသမီးများတွင် သားဥကြွေချိန်စောသည့်အတွက် ရာသီလာပြီးနေ့ရက်များတွင် လိင်ဆက်ဆံခြင်း ကြောင့် ကိုယ်ဝန်ရရှိနိုင် ပါတယ်။
သားဥကြွေခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းတို့၏ အလုပ်လုပ်ပုံ
သားဥကြွေခြင်းဆိုသည်မှာ သားအိမ်အတွင်းရှိ သားဥကြီးထွားခြင်းဖြစ်စဉ်တစ်ခုဖြစ်ပြီး သားဥအိမ်သည် လစဉ်လတိုင်း သားဥထုတ် လွှတ်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် နောက်တစ်ကြိမ် ရာသီမလာမီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ဖြစ်ပွားလေ့ရှိသော်လည်း တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပါတယ်။
ကိုယ်ဝန်ရရှိရန်အတွက် သုက်ပိုးက သားဥကို မျိုးစေ့ချ Fertilize ပေးရပါတယ်။ သားဥအိမ်မှ သားဥကြွေလာသည့်အခါ သားဥပြွန် (fallopian tube)အတွင်းသို့ရောက်ရှိသွားပါတယ်။ ထိုအချိန်တွင် လိင်ဆက်ဆံခဲ့လျှင် သားဥသည် သုက်ပိုးနှင့် တွေ့ဆုံနိုင်ပါတယ်။
သားဥကြွေသည့်အချိန်တွင် သားဥပြွန် (fallopian tube) အတွင်း၌ သုက်ပိုးရှိလျှင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ထို့ကြောင့် သားဥ ကြွေပြီးနောက်ပိုင်းနေ့များတွင် ကိုယ်ဝန်ရတတ်ကြခြင်းဖြစ်ပါတယ်။
သားဥနှင့် သုက်ပိုးတို့တွေ့ဆုံပြီးသည်နှင့် သားဥသည် fallopian tube အတွင်းမှာ သားအိမ်သို့ဆင်းသွားပြီး သားအိမ် အမြှေးပါး၌ တွယ်ကပ်ကာ သန္ဓေ သားလောင်းအဖြစ်သို့ ရောက်ရှိသွားပါတယ်။
အကယ်၍ သုက်ပိုးသည် သားဥတည်နိုင်ခြင်းမရှိခဲ့ပါက ဓမ္မတာလာချိန်တွင် သားအိမ်မှ ကွာကျသွားမည်ဖြစ်ပါတယ်။
ကိုယ်ဝန်ရရှိရေးအတွက် မည်သည့်နည်းလမ်းများကို သိထားသင့်ပါသလဲ
သားဖွားမီးယပ်အသိပညာပေးနည်းလမ်းများ Fertility awareness methods (FAMs)သည် အမျိုးသမီးတို့၏ လစဉ် ရာသီစက်ဝန်းကို ခြေရာခံနိုင်ပြီး ကိုယ်ဝန်ရရှိနိုင်ခြေအနည်းဆုံးကာလများကို သိရှိနိုင်သည့် နည်းလမ်းများဖြစ်ပါတယ်။
ကိုယ်ဝန်မရလိုသူများအနေဖြင့်လည်း ထိုရက်များကို ရှောင်၍ လိင်ဆက်ဆံနိုင်ပါတယ်။ ကိုယ်ဝန်ရနိုင်ခြေမြင့်မားသည့် အချိန်ကာလ များတွင် မိန်းမကိုယ်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း သို့မဟုတ် သန္ဓေတားဆေးအသုံးပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင် ပါတယ်။
FAMs များကို သဘာဝနည်းဖြင့် သားဆက်ခြားခြင်း သို့မဟုတ် ကာရံညှိသည့်နည်းလမ်းကို အသုံးပြုခြင်းဟုလည်း လူသိများပါ တယ်။ FAMs နည်းလမ်း အမျိုးမျိုးရှိပြီး အများစုသည်ကိုယ်ဝန်ရှိနိုင်ခြေအမြင့်ဆုံးနှင့် အနိမ့်ဆုံးကာလများကို ခန့်မှန်းတွက်ချက် နိုင်ပါတယ်။ အချို့သည် အောက်ပါ FAMs နည်းလမ်းများအနက်မှ နည်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုသော်လည်း အချို့မှာ နည်းလမ်းနှစ်မျိုး သုံးမျိုးကို ပေါင်းစပ်အသုံးပြုလေ့ရှိပါတယ်။
အပူချိန်တိုင်းခြင်း
ရာသီစက်ဝန်းတစ်လျှောက် ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းသည် သားဥကြွေခြင်းကို ခန့်မှန်းရာတွင် အထောက်အကူ ဖြစ်စေပါ တယ်။ ခန္ဓာကိုယ်အပူချိန်သည် သားဥကြွေချိန်တွင် ပုံမှန်အားဖြင့်မြင့်တက်လေ့ရှိပါတယ်။ ဥပမာ 96-98ºF (35-36ºC) to 97-99ºF (36-37ºC). အပူချိန်တိုင်းသည့် နည်းလမ်းကို အသုံးပြုသူများသည် နေ့စဉ်ခန္ဓာကိုယ်အပူချိန်ကို တိုင်းယူသည့် Application ဖြင့် မှတ်တမ်းတင်၍ ခြေရာခံကြပါတယ်။ ထိုနည်းလမ်းကို အသုံးပြုမည်ဆိုလျှင် ၃ လ ကြိုတင်၍ အပူချိန် စောင့်ကြည့် တိုင်းတာ သင့်ကြောင်း ကျွမ်းကျင်သူများကအကြံပြုသည်ကို တွေ့ရှိရပါတယ်။
သားဥအိမ်မှထွက်သည့် အချွဲရည်ကို စစ်ဆေးခြင်း
သားအိမ်ခေါင်းမှထွက်သည့် အချွဲရည် သို့မဟုတ် မိန်းမကိုယ်ဆင်းခြင်းသည် ရာသီစက်ဝိုင်းတစ်လျှောက် အရောင်ပြောင်း လေ့ရှိပါတယ်။ အမျိုးသမီးတစ်ဦး၏ မျိုးအောင်နိုင်ခြေ အမြင့်ဆုံးနေ့ရက်များတွင် အဆိုပါအချွဲရည်သည် ကြက်ဥအစိမ်း၏ အကာကဲ့ သို့ ကြည်လင်ပြီး ချော်ထွက်သည့်အနေအထားရှိပါတယ်။ ကိုယ်ဝန်ရရှိနိုင်ခြေနည်းပါးသည့် နေ့ရက်များတွင် အချွဲရည်သည် အနည်းငယ်ပိုပျစ်ပြီး အဝါနုရောင်အနှစ် အနေအထားရှိနိုင်သလို အချွဲရည်အထွက်နည်းခြင်း သို့မဟုတ် လုံးဝမထွက်ခြင်းမျိုးလည်း ရှိနိုင်ပါတယ်။
ခန္ဓာကိုယ်အပူချိန်တိုင်းသည့် နည်းလမ်းအတိုင်းပင် အမျိုးသမီးတစ်ဦးသည် ဖုန်း Application ဖြင့် မိမိ၏ အချွဲရည် အနေအထားကို ခြေရာခံတိုင်းတာနိုင်ပါတယ်။
ပြက္ခဒိန်အသုံးပြုခြင်း
ပြက္ခဒိန်နည်းလမ်းတွင် ရာသီစက်ဝန်းကို ခြေရာခံပြီး သန္ဓေတည်နိုင်ခြေ အမြင့်ဆုံးနှင့် အနိမ့်ဆုံးနေ့ရက်များကို ခန့်မှန်းတွက်ချက်ပြီး ထိုနေ့များတွင် လိင်ဆက်ဆံခြင်း သို့မဟုတ် ရက်ရှောင်ခြင်းတို့ဖြစ်ပါတယ်။
ထိုနည်းလမ်းကို ဆောင်ရွက်မည်ဆိုလျှင် အနည်းဆုံး ၆ လ ကြိုတင်၍ ရာသီစက်ဝန်းစောင့်ကြည့်မှုပြုသင့်ကြောင်း ကျွမ်းကျင် သူများက အကြံပြုကြပါတယ်။ ရာသီစက်ဝန်းမမှန်သူများနှင့် ၂၇ ရက်ထက်တိုသော ရာသီကာလရှိသူများအတွက် ဤနည်းလမ်းကို အသုံးပြုရန်ခက်ခဲမှာဖြစ်ပါတယ်။
ရာသီစက်ဝန်းတစ်လျှောက် အပူချိန်တိုင်းခြင်း၊ အချွဲရည်တိုင်းတာခြင်းတို့နှင့်ပတ်သက်ပြီး အသုံးပြုနိုင်သည့် Application များ၊ ကိရိယာများ များစွာရှိပါတယ်။
ကိုယ်ဝန်ဆောင်လိုသူဖြစ်စေ၊ ရှောင်လိုသူဖြစ်စေ FAMs နည်းလမ်းများကို တိတိကျကျဖြင့် သတိပြုလိုက်နာလျှင် ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရှိရပါတယ်။ အချို့လေ့လာစမ်းသပ်မှုများတွင်လည်း ၇၆ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိ သည်ကို တွေ့ရှိရသည့်အတွက် အလုပ်ဖြစ်သည့်နည်းလမ်းများဟု ယူဆနိုင်ပါတယ်။
ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ချရသည့်တစ်ခုတည်းသောနည်းလမ်းမှာ မိန်းမကိုယ်အတွင်း လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ် ခြင်းဖြစ်ပါတယ်။ သို့သော် အောက်ဖော်ပြပါ သန္ဓေတားဆေးနည်းများကို အသုံးပြုခြင်းဖြင့်လည်း ထိရောက်စွာ သန္ဓေတားနိုင်ကြောင်း တွေ့ရှိရပါတယ်။
အရွယ်ရောက်ပြီးသူ ယောကျ်ား၊ မိန်းမများအနေဖြင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ သားဆက်ခြားခြင်း ဆိုင်ရာဗဟုသုတများကို သိရှိထား ခြင်းဖြင့် မိသားစုဘဝရော တိုင်းပြည်အတွက်ပါ ကောင်းမွန်သည့် အနာဂတ်များ ရရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
ကိုဇေ